Tuesday, October 18, 2011

နှာခေါင်းသွေးယိုခြင်း

နှာခေါင်းအတွင်းသွေးကြောမျှင်တွေ များစွာရှိပြီးသွေးကြောမျှင်တွေ ပေါက်ထွက်သွားရင် နှာခေါင်းသွေးယိုပါတယ်။ ရာသီဥတုအအေးများတာဒါမှမဟုတ် ခြောက်သွေ့လွန်းတာကြောင့် နှာခေါင်းအတွင်းမြှေးတွေ လှုံ့ဆော်ခံရတဲ့ အတွက်လည်း နှာခေါင်းသွေးယိုတတ်ပါတယ်။ သွေးတိုးရောဂါ
ရှိသူဒါမှမဟုတ် သွေးကြောမာကျောသူ၊ သွေးကျဲဆေးဒါမှမဟုတ် ရောင်ရမ်းမှု ကျဆေးနဲ့ အက်စပရင်လိုဆေးဝါးသောက်သူတွေဟာလည်း နှာခေါင်းသွေးယိုနိုင်ပါတယ်။ နှာခေါင်းထဲလက်နှိုက်တာ၊ နှာချေလွန်းတာ၊ ဓာတ်မတည့်တာ၊ နှာခေါင်းတွင်း ပြင်ပပစ္စည်းဝင်တာဒါမှမဟုတ် နှာညှစ် လွန်းတာတွေကြောင့်လည်း နှာခေါင်းသွေးယိုတာ ဖြစ်တတ်ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် နှာခေါင်းသွေးယိုတာသက်သာအောင် အောက်ပါတို့ကို ပြုလုပ်ပါ။

သွေးခဲတွေ ထွက်သွားအောင် နှပ်ညှစ်ပါ

နှာခေါင်းသွေးယိုတာတိတ်သွားအောင် မကြိုးစားမီမှာ နှာခေါင်းတွင်းပိတ်ဆို့နေတဲ့ သွေးခဲတွေ ကုန်စင်အောင် နှပ်ညှစ်ထုတ်ပါ။ သွေးကြောတွေမှာ ကျုံ့နိုင်ဆန့်နိုင်တဲ့ အမျှင်တွေ ပါရှိပြီးသွေးခဲတွေ ထုတ်ပစ်နိုင်ရင် ကျုံ့နိုင်ဆန့်နိုင်တဲ့ အမျှင်တွေဟာလည်းပေါက်ပြဲသွားတဲ့ နေရာကို ကျုံ့ပေးလိုက်တာကြောင့် အပေါက် ပိတ်သွားနိုင်ပါတယ်။

နှာခေါင်းရဲ့ အသားစိုင် နေရာကိုညှစ်ထားပါ

နှပ်ညှစ်ပြီးတာနဲ့ တစ်ပြိုင်နက် သင့်လက်မနဲ့ လက်ညှိုးကိုအသုံးပြုပြီး နှာခေါင်းထိပ်မှ အသားစိုင် နေရာကိုဖိညှစ်ထားပါ။ ငါးမိနစ်မှ ခုနစ်မိနစ်ထိညှစ်ထားရပါမယ်။ သွေးမတိတ်ရင် နောက်ထပ် ငါးမိနစ်မှ ခုနစ်မိနစ်ခန့် ဆက်လက်ပြီးဖိညှစ်ပေးပါ။

မတ်မတ်ထိုင်ပါ

သင် လဲလျောင်းလိုက်ရင် ဒါမှမဟုတ် ဦးခေါင်းကိုအနောက်လှန်ထားရင် သွေးတွေကို မျိုချမိနိုင်ပါတယ်။

ရေခဲကပ်ပါ

ရေခဲကြောင့် သွေးကြောတွေ ကျဉ်းသွားပြီးသွေးယိုတာလျော့သွားနိုင်ပါတယ်။

လက်မနှိုက်ပါနဲ့

သွေးကြောတွေ ပြန်လည် ကောင်းမွန်ဖို့ ခုနစ်ရက်မှ ၁၀ ရက် အချိန်ယူရပါမယ်။ သွေးခဲတွေ ဖြစ်သွားတာကြောင့် သွေးယိုတာရပ်သွားပေမယ့် သွေးခဲတွေဟာအနာဖေးတွေ ဖြစ်သွားတတ်ပါတယ်။ ဒီအချိန်မှာ နှာခေါင်းထဲလက်နှိုက်မိရင် အနာဖေးကွာကျသွားပြီး နှာခေါင်းသွေး ပြန်ယိုတတ်ပါတယ်။

ပဋိဇီဝဆေးလိမ်းပါ

နှာခေါင်းအတွင်းပဋိဇီဝဆေးကိုတစ်နေ့နှစ်ကြိမ် ဒါမှမဟုတ် သုံးကြိမ် လိမ်းပေးပါ။ ရောဂါပိုးမွှားတွေ သေစေနိုင်ပြီးယားယံတာသက်သာနိုင်ပါတယ်။

သံဓာတ်အားဖြည့်ဆေးမှီဝဲပါ

နှာခေါင်းသွေးယိုတတ်သူ ဖြစ်ရင် သွေးအား ပြည့်ဖို့အတွက် ဗီတာမင် အားဖြည့်ဆေးနဲ့အတူသံဓာတ် အားဖြည့်ဆေးပါ သောက်ပေးပါ။

သန္ဓေတားဆေးအသုံးပြုရင် သတိထားပါ

အီစထရိုဂျင်ဟာသွေးလှည့်ပတ်မှုနဲ့ ချွဲထုတ်လုပ်မှု အပေါ် လွှမ်းမိုးမှု ရှိပါတယ်။ ဓမ္မတာလာတာအပါအဝင် ခန္ဓာကိုယ်ထဲမှာဟော်မုန်းညီမျှမှု မရှိတဲ့ အခါတိုင်းမှာ နှာခေါင်းသွေးယိုတာ ဖြစ်တတ်ပါတယ်။ ပါးစပ်မှ အသုံးပြုရတဲ့ တချို့ သန္ဓေတားဆေးတွေ ဟာလည်းဟော်မုန်းညီမျှမှုကိုပြောင်းလဲစေနိုင်ပါတယ်။ သင်ဟာ နှာခေါင်းသွေးယိုတတ်သူ ဖြစ်ပြီးအီစထရိုဂျင်ကြောင့် ဖြစ်တယ်လို့ ထင်ရင် ဆရာဝန်နဲ့ ပြပါ။

အက်စပရင် သောက်ရင် သတိထားပါ။

အက်စပရင် သောက်တာကြောင့် သွေးခဲမှုကိုအနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ နှာခေါင်းသွေးယိုတတ်သူ ဖြစ်ရင် အက်စပရင် မသောက်ပါနဲ့။

Salicylate ပါဝင်သောအစာများကိုရှောင်ပါ

အက်စပရင်မှာပါဝင်တဲ့ Salicylate တွေဟာတချို့ အစားအစာတွေမှာလည်းပါဝင်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည်၊ ဗာဒံသီး၊ ပန်းသီး၊ ငရုတ်ပွသီး၊ ဘယ်ရီသီး၊ လေးညှင်းပွင့်၊ သခွားသီး၊ စပျစ်သီး၊ မက်မွန်သီး၊ ဆီးသီး၊ စပျစ်သီးခြောက်နဲ့ ခရမ်းချဉ်သီးတွေမှာ Salicylate တွေ ပါဝင်တဲ့အတွက် ရှောင်ပါ။

သွေးဖိအားကိုထိန်းထားပါ

သွေးတိုးရောဂါ ရှိသူတွေဟာ နှာခေါင်းသွေးယိုလွယ်တတ်ပါတယ်။ ဒါကြောင့် သွေးဖိအားကိုထိန်းထားနိုင်အောင် အဆီနည်းပါးတဲ့ အစာတွေ စားပြီးဆရာဝန်ရဲ့ ညွှန်ကြားချက်ကိုလိုက်နာပါ။

ဗီတာမင် C သောက်ပါ

ဗီတာမင် C ဟာကိုလာဂျင် ထုတ်လုပ်မှုအတွက် လိုအပ်ပါတယ်။ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းတစ်သျှူးတွေမှာရှိတဲ့ ကိုလာဂျင်ဟာ နှာခေါင်းမြှေးနဲ့ လိုဏ်ခေါင်းပေါက်တွေကိုစွတ်စိုစေပြီးသူတို့ကိုအကာအကွယ်ရရှိအောင် ပြုလုပ်ပေးပါတယ်။

ဆေးလိပ်မသောက်ပါနှင့်

ဆေးလိပ်သောက်တာကြောင့် နှာခေါင်းအတွင်းခြောက်သွေ့မှုတွေ ဖြစ်စေနိုင်တဲ့အတွက် နှာခေါင်းသွေးယိုနိုင်ခြေပိုများပါတယ်။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ

-နှာခေါင်းကို ၁၀ မိနစ်၊ ၁၅ မိနစ် ဖိအားပေးပြီးပေမယ့် နှာခေါင်းသွေးယိုတာမတိတ်ရင်၊ နှာခေါင်းသွေးယိုတာဟာဦးခေါင်းဒဏ်ရာရတာကြောင့်ဖြစ်ရင်၊ သွေးအရည်ကျဲနေရင် ဦးနှောက်အတွင်းမှ အရည်တွေ ပါဝင်နေတတ်ပါတယ်။

-သင့်မှာသွေးတိုးရောဂါ ဒါမှမဟုတ် သွေးကြောမာကျောတာရှိနေပြီး နှာခေါင်းသွေးယိုတာ ၁၀ မိနစ်ကျော်နေရင်

-နှာခေါင်းသွေးယိုတာအချိန်ကြာနေရင် အန္တရာယ်ရှိပါတယ်။ ဆက်တိုက် နှာခေါင်းသွေးယိုနေရင် အကျိတ် (ကင်ဆာ) ရှိနေတတ်ပါတယ်။

သင်ဟာမကြာခဏ နှာခေါင်းသွေးယိုတတ်ပြီးအအေးမိတာဒါမှမဟုတ် နှာခေါင်းမြှေးယားယံတာနဲ့ ဆက်စပ်မှု မရှိဘူးထင်ရင် ဆရာဝန်နဲ့ ပြပါ။

No comments:

Post a Comment