Showing posts with label အမှတ်တရ. Show all posts
Showing posts with label အမှတ်တရ. Show all posts

Sunday, June 12, 2011

ကမ္ဘာ သစ်သို့....အတူ


သူ့အပြော ..နဲ့ သူ့ အလွမ်းတွေမှာ နစ်မျောသွားမိတာတော့ ၀န်ခံရမှာပါ...
ကိုယ်တိုင်ကလည်း ကိုယ့်မြေ ကိုယ့်ရေကို စိတ်ကူးနဲ့ပဲ အလည် ပြန်နေရတာမို့..အခုမှ ပြန်ရောက်လာတဲ့ သူ့ရဲ့အိမ်အကြောင်း မိသားစု အကြောင်းတွေက အသစ်တဖန် ပြန်လွမ်းနေရသလိုပါဘဲ....ကြည်နူးစရာ ကောင်းပါတယ်...သူ အများကြီး ပြောင်းလဲသွားပါလားလို့လည်း အသိအမှတ်ပြုမိပြန်တယ်....ဟုတ်တယ်...
အယင်က" ဦးပျော် "မဟုတ်တာတော့ အသေအချာပဲ...
အရာရာကို ချင့်ချိန်တဲ့..ရှေ့ရေးတွေးတတ်တဲ့
ပိုက်ဆံကို မိသားစုအတွက် ရနှိုင်သလောက် ရှာမယ်ဆိုတဲ့
"ဦးပျော်" အဖြစ် ပြန်လာခဲ့တာပဲ...၀မ်းသာစရာပေါ့..
...... ဒီနာမည်ခေါ်လို့ အသက်က ကြီးသေးတာမဟုတ်ဘူး...
သုံးဆယ်ဝန်းကျင်...ပျော်တတ်တယ်...
နောက်ပြီး... တစ်ခါတုံးက ...သူ နေထိုင်မကောင်းလို့...သူနဲ့သူ့ မဟေသီလောင်း နီနီတို့ ဆေးခန်းတစ်ခုမှာ ဆရာဝန်နဲ့ ၀င်တွေ့ကြတယ်...
သူက မျက်လုံးနည်းနည်းပြူးတော့ အခုလို နေထိုင်မကောင်းချိန်မှာ ..ပိန်နေတဲ့
အရှိန်နဲ့ ပိုပြူးသလို ဖြစ်နေတာပေါ့..
.ဆရာဝန်က ဆေးတွေ အရှိန်ကြောင့် အခုမှ ပြူးလာရတာလားလို့ မေးတယ်...
ဘေးကပါလာတဲ့ နီနီက "မဟုတ်ဘူး ဒေါက်တာ ..သူက အော်ပြူး(original)
လို့ ၀င်ပြောတာနဲ့ ...သူ အိမ် ပြန်ရောက်တော့ ၀ိုင်းပြီး ပွဲကျ သွားကြတာပေါ့...
အော်ပြူး ကနေ သူလည်း"ဦးပျော်"
လို့ တွင်နေတော့တာ...အခုတော့ သမိုင်းဝင်နေရပြီလေ...

.....မိသားစုအတွက် ဆိုတဲ့ ဇောတွေကြောင့်သာ.
တစ်လလည်း မဟုတ် ...တစ်နှစ်လည်းမဟုတ်တဲ့ သုံးနှစ် ဒါမှ မဟုတ်ယင် ငါးနှစ် ဆိုတဲ့ အချိန်တွေကို ...စက်ရုပ်တွေလို ကျင်လည် လှုပ်ရှားနေရတဲ့ ဒီလို ပြည်ပ ဆိုတဲ့ ၀န်းကျင်မှာ..
မိဝေး ဘဝေး နှစ်မြှုပ်ထားနှိုင်ကြတာပါ....
ဒါလည်းပဲ ...ဒီရောက်လာတဲ့ သူတိုင်းတော့ မဟုတ်ကြပြန်ဘူး...
နွေးထွေးပြီး ချစ်စရာကောင်းတဲ့ မိသားစုဘ၀လေးကိုတောင် စွန့်ခွာပြီး ပေးဆပ်ထားရမဲ့ အချိန်တွေနဲ့ တန်အောင်...ရှာသွားတဲ့ သူတွေ ရှိသလိုပဲ ...ရောက်လာတဲ့ ပြီး အပျော်တွေရှာ အဖေါ်တွေရှာနဲ့...အချိန်တန် အိမ်ပြန်ကြတော့...လက်ချည်း ဗလာနဲ့...မျက်နှာငယ်သွားရသူတွေလည်း အပုံအပင်နဲ့ ပါ...
.....ကျွန်တော်တို့ဝန်းကျင်နဲ့ တစ်စက်ရုံထဲ သားတွေကတော့...
အတိတ်ကံကြောင့်ပဲလား...အနေကိုက မှန်ကြလို့ပဲလားတော့ မသိဘူး...အားလုံးက ပိုက်ဆံရအောင်ရှာမယ်ဆိုတဲ့ သူတွေချည်းစုမိနေကြတယ်...

ဘ၀ပေးတွေကလည်း တူလိုက်ကြတာ...အိမ်ထောင့် ၀န်ထမ်းနေရကြတာက နည်းနည်းရယ် ..
...မိဘကိုလုပ်ကျွေးနေကြသူတွေနဲ့...ညီအစ်ကို မောင်နှမ၀န် ပိနေကြတဲ့ သူများပါတယ်....
တစ်ချို့ ဆို ...အသက်လေးဆယ် ကျော်လာတဲ့ တိုင် မိသားစုက
အခြေ မခိုင်နှိုင်ကြသေးတာနဲ့ ...ဆယ်စုနှစ် တစ်ခုကျော် ရုန်းနေကြရသူတွေလည်း ရှိရဲ့....
ကိုယ်ပိုင် ဘ၀ မစနှိုင်ကြသေးဘူး...
သီချင်းထဲကလို ...ဘယ်တော့များ စားရပါမလဲ မေးလာခဲ့ယင်တောင်...လူတွေမသိအောင်လည်း ဟန်ဆောင်တာတွေ..မရှိကြတာက ..ကိုယ်တိုင် အဖြစ်မရှိလွန်း ကြလို့ပါ...
အဲဒီအတွက် အချိန်ဆိုတဲ့ ရာသီဥတုကလည်း ကိုယ့်ဘက် ပါမလာတော့ ..
မိဘတွေ ပြန်အားကိုးကြ...အပေါင်းအသင်းတွေ စစ်ကူတောင်းရနဲ့ ...ကိုမိုးအောင် တစ်ယောက်ကတော့ ...စွံသွားခဲ့ဖူးပါတယ်...သူဟာ မိသားစုထဲမှာ သားအကြီးဆုံးနေရာကနေ..အိမ်ထောင့်တာဝန်တွေကို
နှစ်ရှည်လများ...အများဆုံး ထမ်းခဲ့ ရသူပါ...တည်ငြိမ် အေးဆေးပြီး အလုပ်ထဲမှာလည်း ကျွန်တ်ာတို့ အားကိုးရတဲ့..သူလည်း ဖြစ်ခဲ့ပါတယ်...

အဲဒီတုံးက သူရယ် ကျွန်တော်ရယ်...ပတ်စပို့ ကိစ္စနဲ့...ရွာပြန်ရောက်နေကြတုံးပါ...
အားလုံး အဆင်သင့်ဖြစ်လို့ ပြန်ထွက်ဖို့ ရက် ရောက်လာတော့...
သူ မလိုက်နှိုင်သေးတဲ့ အကြောင်းနဲ့...
ကုမ္ပဏီကို ...မင်္ဂလာသတင်း ပေးထားပေးဖို့ ပြောလာပါတယ်...
ကျွန်တော့မှာ ၀မ်းသာဝမ်းနည်းပေါ့...
သူစွံပြီး ရင်ကော့လို့ ကြွားနှိုင်ပြီဆိုတာ ၀မ်းသာမိသလို..ကိုယ်အဖြစ်မရှိတာကိုလည်း...၀မ်းနည်းပေါ့..

တစ်လလောက် ကြာတော့ သူလည်း ပြန်ဝင်လာရတာပေါ့...
သူ့အမျိုးသမီးက အစိုးရဋ္ဌာနတစ်ခုမှာ
အကြီးအကဲ တစ်ယောက်ဆိုတော့..လိုက်မလာနှိုင်ခဲ့ပါဘူး...
ဒီတော့ ကိုမိုးအောင်တစ်ယောက် ...လွမ်းခန်း ကောင်းကောင်း...ကနေရတော့တာပေါ့...
လက်ထပ်ခဲ့တာကလည်း ပူပူနွေးနွေး...ဇနီးအသစ်စက်စက် ကလည်း ဒီတစ်ခေါက် ရွာအပြန်မှာမှ...မိဘတွေလုပ်ကျွေးခွင့်ရတဲ့ သားအတွက် ...
မိဘတွေရဲ့အစီအမံနဲ့ စွံခဲ့ရတဲ့ ဆုလဘ် ကလေးဆိုတော့
ကြွေတာပေါ့...

ရောက်ခါစ ရက်တွေများဆို ညည အိပ်လို့တောင် မရခဲ့ပါဘူး...အချစ်ဦးတွေ ဇနီးဦးတွေ အသာထားအုံး ..
ဒီအရွယ်တိုင်အောင်..ဘာအမြီးမှ ..မပေါက်ခဲ့သူ...ပေါက်ဖို့လည်း မကြိုးစားခဲ့သူဆိုတော့...
သူ့ဇနှီးတော့မသိဘူး...သူကတော့ နေရတာလည်း မထိ...စားရတာလည်း မငြိဘူး နဲ့...
အလုပ်ထဲမှာတောင်စကား အတော်နည်းသွားတာ သတိထားမိတယ်....
အားယင် တွေးချည်းနေတော့တာပဲ....

ညရောက်ပြီဆို...အခန်းမှာအယင်က ပိတ်ပြီးအိပ်တတ်တဲ့ ပြတင်းပေါက်တွေ..ဖွင့်ထားတတ်လို့ မေးကြည့်တော့
အသက်ရှုလို့ မကောင်းတဲ့ အကြောင်း...အခန်းက လေ၀င်လေထွက် မကောင်းဘူး ဖြစ်နေတဲ့ အကြောင်းတွေ...ညည်းတတ်နေတယ်...
နောက်ပြီး ရင်ညွန့် အောက်နားတွေက အောင့် အောင့် နေတတ်တယ်တဲ့...ဆိုတော့
ဝိုင်းပြီး စိုးရိမ်နေကြတာပေါ့...အိမ်ကို အလည်လာတဲ့ နီနီရဲ့ အစ်မ နာ့စ် တစ်ဦး ကို လည်း သူ့ဝေဒနာတွေ ခံစားနေရတာတွေ...ရင်ဖွင့်တာပဲ...
ဆရာမကတော့ ဘာမှ ထွေထွေထူးထူး မှတ်ချက်မပေးတော့
ကျွန်တော်တို့က...အိမ်အလွမ်း...ဇနီးသစ်ကလေးအလွမ်းလို့ပဲ...ကောက်ချက်ချ နားလည်လိုက်ရတယ်...

... အနေဝေးလို့ သွေးအေးတာတွေ...မီးဝေးလို့ ချိတ်မာရတာတွေ...လာမပြောနဲ့..
ကိုမိုးအောင်ဆို ဇနီးသည်ကို ဗုဒ္ဓဟူးနေ့တိုင်း ဖုံးဆက်တယ်...
စနေ တနင်္ဂနွေဆို အွန်လိုင်းပေါ်မှာ နေ့ဝက်နီးပါး တွေ့ကြသေးတယ်...
ကွန်နက်ရှင် မကောင်းတဲ့နေ့ဆို...သူ့ကို စကားသွားမဟရဲဘူး...
...အားလပ်ရက် သူ့အခန်းကို စကားစမြည်ပြောဖို့ ၀င်လည်ကြတဲ့ "ဦးပျော်"တို့ဆို
ယောင်လည်လည် လုပ်ပြီး ပြန်ထွက်ခဲ့ ရတာချည်းပဲ...
အခုတော့...ကိုမိုးအောင်လည်း အဲဒီ အလွမ်းဒဏ်တွေ မခံချင်တော့လို့ အပြီး ပြန်သုတ်သွားလေရဲ့...
...ကျွန်တော်တို့ ဦးပျော် တို့ တွေသာ...၀မ်းသာဝမ်းနည်း ထပ်ဖြစ်ကြရပြန်တယ်....




အဲဒီတုံးက...ဦးပျော် က နီနီနဲ့ ရည်းစား ဘ၀မှာပဲ ရှိကြသေးတယ်...
ကုမ္ပဏီ တစ်ခုတည်း မှာပဲဆိုတော့သွားအတူ စားအတူနဲ့...
ပျော်ရွှင်ခြင်းနိုင်ငံထဲမှာ အေးချမ်း(မမေဘူး) နေကြတုံးလေ....
..ဦးပျော် အနေနဲ့ ...ဘ၀မှာ တွယ်တာစရာ သိပ်မရှိခဲ့တော့...ထွက်လာကတည်းကိုက
စိတ်လွတ် ကိုယ်လွတ်ပဲ...ထိုက်သင့်သလောက် ပို့ပြီး စုဆောင်းပြီးယင်...ကျန်တာ နောင်ခါလာ နောင်ခါဈေးပဲ
ရည်ရွယ်ချက် ကြီးကြီးမားမား ရယ်လို့ လည်း...နီနီနဲ့ တစ်ချိန်မှာ လက်ထပ်မယ် ဒီလောက်ပဲ...

လောလောဆယ်မှာ နီနီ သွားချင်တဲ့ နေရာ စားချင်တဲ့ အစား ၀တ်ချင်တဲ့ အထည် ...ဒါတွေ ဖြည့်ဆည်းပေးချင်တာပဲ သိတယ်...နီနီကတော့ မိန်းမသားပီပီ စုချင်ဆောင်းချင်တတ်တယ်
အိမ်ကို ပို့ထားစုထားတာတွေနဲ့ ရှေ့ရေး တွေးနေတတ်ပြီ...

ဒီလိုနဲ့ ဦးပျော် တစ်ယောက် ငယ်ရွယ်သူတွေ ထုံးစံအောက်ကျို့ ရမှာကို အရမ်းဝန်လေးခဲ့တော့ ...အလုပ်ထဲမှာလည်း အထက် လူကြီးတွေနဲ့ တာဝန်ကျေယုံ ပဲ ဆက်ဆံ လုပ်ကိုင်ဖြစ်ခဲ့တယ်...ဒီတော့ ရေရှည်မှာ အဖုအထစ်ကလေးတွေ ပေါ်လာခဲ့တာနဲ့ သက်တမ်းထပ် မတိုးတော့ဘူးလို့ ဆုံးဖြတ်ပြီး သူနဲ့ သူ့မဟေသီလောင်း တို့ ပြန်သွားခဲ့ကြတယ်..
မကြာခင်ပဲ သူတို့ရဲ့ မင်္ဂလာ သတင်းကြားခဲ့ရပါတယ်..အားလုံးလည်း ၀မ်းသာကြပြီး ထာဝရ ပျော်ရွှင်တဲ့ မိသားစုဘ၀ ပိုင်ဆိုင်ကြပါစေလို့ပဲဆုတောင်းပေးကြရတာပေါ့...
အခုတော့ ကျွန်တော်တို့ ဆန္ဒတွေ ပြည့်ကြရပါတယ်...
ရေစက် ကြုံ မကုန်နှိုင်ကြသေးတော့ ..အခု တစ်ခေါက် ဘ၀သစ် ထပ်လျှောက်ဖို့ ရောက်လာခဲ့ပေါ့
...ရောက်လာခါစ... အလုပ်စ၀င်ပြီးတဲ့ နေ့တွေမှာ ...စကား နည်းနေပြန်တယ်...အလုပ်တော့ ဖိပြီး လုပ်နေတာတွေ့ရလို့...ရင်ဘတ်တွေရော အောင့်နေလားလို့ မေးမိပါတယ်....
ချက်ချင်းပဲ...သူလည်း ကိုမိုးအောင်ကို သတိရသွားတာပေါ့...
...ဒါပေမဲ့ ဒီတစ်ခါ ကိုမိုးအောင်တုံးက ၀ိုင်းရီကြသလိုမျိုး ရီနေတယ် ထင်လား...
"ဟုတ်တယ်ဗျာ ...ကျွန်တော်လည်း အခု မနည်းဟန်ဆောင်နေရတယ်"...လို့ ပြောတယ်ဗျာ...
လောကကြီး...တယ်လည်း ဆန်းကျယ်တယ်လို့ကို ထင်ရတော့တာပဲ...
တစ်ဦးနဲ့ တစ်ဦး တုပ်နှောင်ထားတဲ့ မမြင်ရတဲ့ ကြိုး တွေဟာ...
သံယောဇဉ် ပါမယ် ...မေတ္တာ တရားတွေပါမယ်
ဒါတွေနဲ့ ...အနေဝေးလည်း ...တစ်ဦးကို တစ်ဦး နွေထွေးစေနှိုင်တယ်ဆိုတာ...ကိုမိုးအောင်နဲ့ ဦးပျော် တို့ နှစ်ဦးနဲ့တင်...ထင်ရှားနေပါရော့လား...ဒါတောင် ခွင့်လွှတ်ခြင်းတွေ ...နားလည်းသည်းခံပေးမှုတွေ... မမြင်သာသေးလို့ပဲ...သိစရာလည်း လိုမယ်တောင် မထင်တော့ပါဘူး.....
...အခုတောင် သားဦး ကလေး ကို ယောက်ျားလေး ဖြစ်စေချင်ခဲ့တာ...နီနီပြောလို့ သိသိချင်း မှာတောင်
အလုပ်ခွင်ထဲက လုပ်ဖေါ်ကိုင်ဖက်အားလုံး သိသွားကြရတဲ့ အထိ ကြေငြာမိသွားတယ်....
ငါ့ ရင်ကဖြစ်တဲ့ သားလေးဆိုပြီး ...ရင်သွေးလေး လောကအလယ် ရောက်လာတော့မှာကို ကိုယ်တိုင် အသစ်ပြန်မွေးဖွားလိုက်ရသလိုမျိုး ...အားအင်တွေက ဘယ်က ဘယ်လို ပြည့်လာတယ်တောင် သူ မသိတော့ဘူး
....အလိုလို နေရင်းကို ရှေ့ရေးကိုချည်း ...တွေးနေတတ်လာတယ်...သားကလေးအတွက် ဇနီးမယားအတွက်.. အနာဂတ်ဟာ ပျော်စရာ ကောင်းလာသလောက်...ကြိုတင်ပြင်ဆင်ထားဖို့လည်း
အရမ်းကို လိုအပ်လာတယ်လို့ .."ဦးပျော် "ခံစား လာရပြီ..
မိမိထက် အဆပေါင်းများစွာ သာလွန်နေအောင် တော် တဲ့ တတ်တဲ့ ...သားလေးအဖြစ် ကြီးပြင်းလာရစေမယ်ဆိုတဲ့ ...ဆန္ဒ ထက် ဘယ်အရာမှ ..လောလောဆယ် မပြင်းပြ မသာလွန် နှိုင်ခဲ့ပါဘူး.....
ဒါတွေ နဲ့တင်..ငွေ ဆိုတဲ့ ထောက်အပံ့ တစ်ခုအတွက် ..ပြန်ထွက်လာဖို့...ဖန်တီး ဖြစ်လာခဲ့ရတယ်....
....နှစ်ကိုယ်တူ ဘ၀ကနေ...နောက်တိုးလေး ရတော့မဲ့ အချိန်ကြမှ...
စီစဉ်ထားတဲ့ အလုပ်ပြန်ဝင်ရေးက အကောင်အထည် ပေါ်လာတယ်...
ဒါကလည်း ဇနီး အပါးက မခွာချင်ဖြစ်နေတဲ့ ...အသားကျနေတဲ့ မိသားစုဘ၀ကနေ...ခွဲထွက်လာဖြစ်စေတဲ့ တွန်းအား ရလိုက်တာပါပဲ...
ဦးပျော်ရဲ့ စကားတွေထဲမှာ ...ကုန်လွန်ခဲ့တဲ့ အချိန်နဲ့ အခွင့်အရေးတွေကို နှမြောနေတာလည်းပါတယ်...
လိုလားတဲ့ နီနီတို့ အသိုင်းအ၀ိုင်းရဲ့ နွေထွေးတဲ့ မိသားစု ဆက်ဆံရေး အကြောင်းတွေလည်းပါတယ်...
ဒီကိုထွက်လာဖြစ်လို့ နီနီ့ အဖေကလွဲယင် ငယ်ငယ်ရွယ်ရွယ်ယောက်ျားသား ရှိမနေတဲ့ နီနီတို့ မိသားစုအတွက် စိတ်မအေးတာတွေလည်းပါနေတယ်...လုပ်ပေးနှိုင်ခဲ့တာနဲ့ မလုပ်ပေးနှိုင်ခဲ့တာတွေ ကို အားမလိုအားမရနဲ့....
...အဓိက ကတော့ သူတို့ရဲ့ နောက်တိုးလေး....မျှော်လင့်ခြင်းလေးပါပဲ...တဲ့
မက်ခဲ့ရတဲ့ အိပ်မက်တိုင်း... တောင့်တခဲ့ရတဲ့ အလိုဆန္ဒ တိုင်းမှာ ဒီ ရင်သွေးဆိုတဲ့ ရတနာလေးသာ ကမ္ဘာ....
အနာဂတ်ဟာ...သား ..ကိုယ်ပွား ဆိုတဲ့ မိသားစုဝင်လေးတစ်ဦး တိုးလာတော့မှာပါလားဆိုတဲ့အသိနဲ့...
လင်းလက်တောက်ပလို့လေ.....

လောကနဲ့ ပါတ်ဝန်းကျင်ကို တိုးတက်စေခဲ့... ပြောင်းလဲစေခဲ့ တဲ့ ကိုမိုးအောင်တစ်ယောက် ကတော့...တူသောအကျိုးပေးနဲ့ ကောင်းမွန်တဲ့ ကိုယ်ပိုင်ဘ၀လေးကို အပြီးတိုင် ပိုင်ဆိုင်ခွင့် ရသွားသလို...

လောကနဲ့ ပါတ်ဝန်းကျင် ကနေ ပေးအပ်လာတဲ့ ဖြူစင်တဲ့ မေတ္တာ နဲ့ သန့်ရှင်းတဲ့ ချစ်ခြင်းတရားတွေကြောင့်
...ခိုင်မာမြဲမြံ လှတဲ့ သံယောဇဉ်ကြိုးတွေ အထပ်ထပ် တုပ်နှောင် ရစ်ဖွဲ့ ထားတဲ့ ....မိသားစု ကမ္ဘာ လေးကို ပိုင်ဆိုင်ရပြီ ဖြစ်တဲ့..." ဦးပျော် " တစ်ယောက်လည်း.....
စိမ်းလန်း လှပတဲ့ အနာဂတ်ကို ရင်သွေးငယ်လေး တစ်ဖက်က ပွေ့ချီ ... ချစ်ဇနီးသည် တစ်ဖက်က လက်တွဲလို့
ရောင်နီဦးလေးသမ်းနေပြီ ဖြစ်တဲ့...အေးချမ်းလှပတဲ့ အာရုဏ်ဦးမှာ....လေနုအေးလေးတွေ ခံယူယင်း..မိုးကုပ်
စက်ဝိုင်းအဆုံးထိ ...လျှောက်လှမ်း သွားကြတော့မှာပါ...လားလို့ တွေးနေမိတယ် ။


တစ်ခါက ' သူက အော်ပြူးလေ' လို့ ပြောခဲ့ဘူးတဲ့....၂၇ နှစ်မြောက် မွေးနေ့ရှင် မိခင်လောင်း ညီမလေး နီလာသို့...အမှတ်တရ




အပြည့်အစုံသို့ ...